rss
twitter

    ငယ်ငယ်တုန်းက

    ကလေးဘဝတုန်းက
    နေ့တစ်နေ့ကို ပြန်သတိရနေမိတယ်။
    မြောင်းကလေးထဲမှာ
    စက္ကူလှေလေးတစ်စင်း လွတ်ခဲ့မိတုန်းကပေါ့။
    ဇူလိုင်လရဲ့ မိုးစွေနေတဲ့ တစ်နေ့မှာ
    ကိုယ်တစ်ယောက်တည်း
    ပျော်ရွှင်စွာ ကစားနေမိတယ်။
    မြောင်းကလေးထဲမှာ
    စက္ကူလှေလေး တစ်စင်းလွတ်ခဲ့မိတယ်။
    ရုတ်တရက် မိုးတိမ်တွေထူထပ်လာပြီး
    လေတွေပြင်းထန်စွာ တိုက်ခတ်လို့
    မိုးကြီးလည်း သည်းထန်စွာရွာခဲ့တဲ့အခါ
    ရွံနစ်ရေတွေ ဒလဟောတိုးဝင်လာလို့
    မြောင်းကလေး တစ်ခုလုံးပြည့်လျှံပြီး
    ကိုယ့်လှေ နစ်ခဲ့ရတယ်။
    မုန်တိုင်းဟာ ကိုယ်ရဲ့ပျော်ရွှင်မှုကို
    ဖျက်ဆီးဖို့ သက်သက်လာခဲ့တာပဲလို့
    စိတ်ထဲမှာ ခါးခါးသီးသီး တွေးတောခဲ့မိတယ်။
    ဇူလိုင်လရဲ့ တိမ်ထူထပ်တဲ့ဒီကနေ့ဟာ
    နေ့တာရှည်လွန်းနေလေရဲ့။
    ကိုယ်လေ ဘဝမှာရှုံးနိမ့်ခဲ့ဖူးတဲ့
    ကစားပွဲတွေ အကြောင်း
    ပြန်ပြောင်းတွေးတောနေမိတယ်။
    မြောင်းကလေးထဲမှာ နစ်မြုပ်သွားခဲ့တဲ့
    ကိုယ့်စက္ကူလှေကလေးလို
    ရုတ်တရက် သတိရလိုက်တဲ့အခါ
    ကိုယ့်အပေါ်မှာ လှည့်ကွက်များစွာနဲ့
    ကစားသွားခဲ့တဲ့ ကံကြာမာကိုသာ
    ယိုးမယ်ဖွဲ့မိပါတော့တယ်။

    သဘာဝအလှ

    ่အရင်တစ်ပတ်က ကျောင်းကလေ့လာလေးလိုက်ပို့လို့ ကျွန်တော့်မွေးနေ့လေးမှာတောင် မရှိပါဘူး။ မွေးနေ့လေးမှာ လာရောက်လည်ပတ်ကျတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ အခုလည်း ကျွန်တော်တို့နဲ့အနီးနားမှာရှိတဲ့ TAK ဆိုတဲ့မြို့နားလေးမှာ အလွန်လှပတဲ့ရေတံခွန်တွေ အများကြီးရှိပါတယ်။ ထိုင်း၊ မြန်မာနိုင်ငံနယ်စပ်မှာဆိုရင်တော့ အရှေ့တောင်အာရှမှာအလှဆုံးဖြစ်တဲ့ရေတံခွန်ရှိတယ်။ အဲ့ကိုတော့မရောက်သေးဘူး သွားရင်လည်း ၅ ရက်လောက်ကြာမယ်ဆိုလို့မသွားဖြစ်တာပါ။ အခုတင်ပေးတဲ့ ရေတံခွန်ကတော့ Khlong Lan ဆိုတဲ့ရေတံခွန်လေးပါပဲ တော်တော်လေးလှတယ်မိုးတွင်းမိုလို့လားတော့မသိဘူး ရေတွေလည်းအရမ်းများပြီးတော့ ပျော်စရာကောင်းပါတယ်။ တကယ်လို့ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာရင် သွားလည်ဖြစ်အောင်လည်ဖို့ပြောချင်ပါတယ်။ သူငယ်ချင်းများအားလုံးအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

    ကျွန်တော့်မွေးနေ့

    စက္ကန့်ကို မိနစ်စား
    မိနစ်ကို နာရီပြု
    နာရီကို ရက်တွေပြောင်းပါလို့
    အချိန်တွေလည်း
    ဟောင်းခဲ့တယ်.........
    နွေရာသီကို မိုးကျော်ဖြတ်
    မိုးရာသီကို ဆောင်းခုန်တက်တာမို့
    ဥတုတွေလည်း
    ပြောင်းခဲ့တယ်............
    လူငယ်မှာ လူလတ်ထင်
    လူလတ်မှ ကြီးကောင်ဝင်တာမို့
    သက်တမ်းတွေလည်း
    ရင့်ခဲ့တယ်..........
    သပွတ်အူလို အစရှာ မရပါ
    လောကကြီးမှာဖြင့် တိုင်းတပါးမှာ
    ပညာကိုကြိုးစားရှာ
    သြော်.... အမေ့ဝမ်းထဲက
    တိုးထွက်ခဲ့တာ (၂၄) နှစ်တင်းတင်း ပြည့်ခဲ့ပြီ အမေ။
    မွေးနေ့လေးမှာ လာရောက်လည်ပတ်ကျတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ ကိုတိုးလေးမှာ မွေးနေ့မှာခရီးထွက်နေရပါသဖြင့် အိမ်လည်ချင်းများမရောက်နိုင်ပါသဖြင့်ခွင့်လွတ်ပေးပါလို့တောင်းဆိုချင်ပါတယ်။ ဘလော့ဂါမှ ညီအကို မောင်နှစ်မများအားလုံးပျော်ရွှင် အဆင်ပြေကျန်းမာကျပါစေခင်ဗျာ။

    ဒဿကျွန်တော်

    ရာမဇာတ်တော်၊ သန်းခေါင်ကျော်ထိ
    ကျွန်တော် ညကဖတ်မိတယ်။
    ဇာတ်တော်ထဲမှာ ၊ မယ်သီတာအတွက်
    ရာမနှင့်ယှဉ် ၊ လေးတော်တင်ကာ
    ယှဉ်ပြိုင်ရင်းက၊ ရှုံးခဲ့ရသည့်
    ဒဿဘီလူး ၊အချစ်ရှုးသည်
    ချစ်ဦးသူအတွက် အကြမ်းဖက်ကာ
    ငဲ့ကွက်မညှာ မယ်သီတာကို
    ရာမလက်မှ အဓမ္မဖြင့်
    မရ ရအောင် ခိုးခဲ့သည်။
    ချစ်စိတ်ထန်ပြင်း အကြောင်းရင်းကြောင့်
    အတင်းအဓမ္မ ပြုခဲ့၍
    ရာမဇတ်လမ်း သူ့အခန်းတွင်
    ဇာတ်ကြမ်းမင်းသား ဖြစ်တော့သည်။
    သူ့လိုသာပဲ ကျွန်တော်လည်းလေ
    ဇာတ်ထဲကလို သဝန်တို၍
    လိုချင်တောင်းတ ခင့်ကိုရရန်
    ဆန္ဒမယူ မကြည့်ဖြူဘဲ
    ခိုးယူထွက်ပြေးမိတော့သည်။
    အလိုမတူ ကြမ်းဖက်ယူ၍
    ကြည်ဖြူနိုင်ရေး ဝေးပါသေး ဟု
    ငိုကြွေးငြင်းဆန်၊ ခင်မုန်းဒဏ်ကို
    ခံရတော့မှာ သိလာရသည့်
    ဒဿအသစ်ဖြစ်ပြီကိုး။
    ချစ်စိတ်ပြင်းထန်
    အကြောင်းရင်းကြောင့်
    အတင်းအဓမ္မ ပြုခဲ့ရသည့်
    ဒဿကျွန်တော် ယခုသော်ကား
    ဇာတ်တော်ဖတ်ကာ ဆွေးစိတ်ဖြာ၍
    ရင်နာနေရပါပြီခင်.။

    ဥာဏ်စမ်း

    တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။ အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ? ၀ါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။ စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း) မှတ်ချက်။ သူငယ်ချင်းပို့ပေးတဲ့မေးလ်ကဥာဏ်စမ်းလေးတင်ပေးလိုက်တာပါ။ ပိုစ့်အသစ်မတင်နိုင်သေးလို့အဲ့ဒါနဲ့မေးလ်ကနေပြီးတော့ သူငယ်ချင်းတွေအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဥာဏ်စမ်းလေးဖြေပေးသွားကျပါအုံးနော်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေခင်ဗျာ။

    သစ်ပင်ရိပ်လိုနေပါ့မည်

    ဝေဒနာလမ်း ၊ ခရီးကြမ်းမှ
    မောပန်းဖြတ်လာ ၊ မောင့်သည်းညှာအတွက်
    မေတ္တာသန့်စင် ၊ အေးရိပ်ထင်သည့်
    သစ်ပင်တစ်ပင် ၊ဖြစ်ချင်သည်။
    သည်အရိပ်မှာ ၊ မောင့်သည်းညှာရယ်
    ခိုပါနားပါ ၊ အားဖြည့်ပါ။
    နားကြည်းကြေကွဲ ၊ ဝမ်းနည်းမှုတွေ
    သည်ပင်ခြေမှာ ထားခဲ့ပါ။
    အရိပ်မိုးသူ ၊ ယူထားပါ့မယ်
    အားမငယ်နှင့် ၊နွမ်းနယ်မှုသာ
    ကိုယ်မှခွာ၍ ၊ သည်မှာချန်ရစ်ခဲ့ပါလေ။

    မင်းကို လိုအပ်တယ်

    ငါ့ဘဝမှာ
    မင်းသာမရှိခဲ့ရင်
    ပျော်ရွှင်မှုဆိုတာလည်း
    အလကားပါပဲ။
    မျှော်လင့်ချက်နဲ့
    အသက်ရှင်ဖို့ဆိုတာလည်း
    ဖြစ်နိုင်ခြေနည်းပါပြီ။
    မင်းနဲ့အတူတွဲပြီး
    ဘဝတိုက်ပွဲဝင်မယ်ဆိုတဲ့
    အတွေးစိတ်ကူးတွေဟာလည်း
    လေထဲမှာပဲ လွင့်ပျောက်သွားမှာပေါ့။
    ငါ့ဘဝမှာ
    မင်းသာမရှိခဲ့ရင်
    အဓိပ္ပါယ်လည်း မဲ့သွားလိမ့်မယ်။
    ဒါကြောင့်
    ငါ့ဘဝမှာ
    မင်းရှိမှာဖြစ်မယ်။
    မင်းကို
    ငါလိုအပ်တယ်။

    ချစ်နေလျက်ပါ

    မင်းနဲ့ငါ ရှိနေစဉ်အခါမှာ
    ကမ္ဘာပေါ်မှာအပျော်ဆုံးလူဟာ
    ငါ............ပါ။
    မင်းအနားက
    ဝေကွာသွားရတဲ့အခါမှာတော့
    မင်းအကြောင်းကိုတွေးပြီး
    လွမ်းဆွေးနေမိတာပေါ့။
    ဒါပေမဲ့
    မင်းနဲ့အတူ ရှိမနေရလည်း
    အကြောင်းတော့ မဟုတ်ပါ။
    မင်းကို ငါ
    အမြဲတမ်း ချစ်နေမှာပါ။

    အဖေများနေ့

    သူများဘလော့တွေလိုက်ဖတ်တော့ အဖေများနေ့ရေးထားတာတွေ့တယ်။ ကိုယ်လည်းပဲ အဖေများနေ့မှာ ဘာရေးရရင်ကောင်းမလည်းဆိုပြီးတော့ အမဝါ ဘလော့ကို သွားလည်ရင်းကနေ စိတ်ကူးပြီးရေးလိုက်တာပါ။ လောကကြီးမှာ မိဘများသည်သာလျင် သားသမီးတို့၏ ဘဝအတွက် နားခိုရာအပင်ဖြစ်ပါတယ်။ အဖေ ဟူသည် နေပူ မိုးရွာ မနေသာပေ သားသမီးစားဖို့ ကြိုးပမ်းအားထုတ် မမောမပန်းနိုင် ရှာဖွေကျွေးမွေး တို့အဖေများသည် ထိုကမ္ဘာမှာရှိပါအုံးမလား။ နဖူးကချွေး ခြေမကျသည့်တိုင်အောင် မမောမပန်းနိုင်အား အပြုံးမပျက် အလုပ်လုပ်လျက်ပါ အဖေများသည် သားသမီးတို့အတွက်လုပ်ကိုင်ကျွေးမွေးလာသည်မှာ ခွန်အားများကုန်ခမ်းသည်ဟူ၍မရှိပါ သားသမီးများအတွက်အမြဲတမ်းခွန်အားတွေပြည့်နေပါတယ်။ သားသမီးတွေကို ပညာသင်ဖို့ ပညာတတ်ကြီးတွေဖြစ်၊ ထူးချွန်သူတွေဖြစ်ပြီးတော့ အားလုံးရဲ့အလည်မှာ ပြုံးရွှင်နေတဲ့ အဖေရဲ့မျက်နှာကို မြင်ယောင်မိပါတယ်အဖေ။........... အဖေများနေ့မှာ အဖေများအားလုံးကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ချစ်သူခင်......သို့

    အသည်းထောင့်ကြား၊ သိမ်းဆည်းထားသော
    စကားတစ်ဆစ်၊ မပြောဖြစ်တာ
    သုံးနှစ်တောင်ပြည့်ပါတော့မည်ခင်။
    ရင်မှာမော၍
    ပြောလည်းပြောချင် ၊ပြောဟန်ပြင်လည်း
    ခင် သိခဲ့သော် ကိုယ့်အပေါ်မယ်
    အတော်တဆ ၊မုန်းမာန်ရှပြီး
    ဒေါသဖြစ်ကာ ၊ စိမ်းသွားမှာကို
    ကိုယ်မှာစိုးရွံ့၊ မပြောဝံ့၍
    နှုတ်ဆွံ့နေမိပါသည် ခင်။
    သြော်....... သတ္တိနည်း၍
    ရင်ထဲမှာပဲ၊ ချစ်နေရဲသူ
    ကိုယ်လိုလူကို ၊ ချစ်သူခင်သော
    မငဲ့ညှာလျှင်
    ရင်မှာနာရမည် သေချာသည်။
    မှတ်ချက်။ ကျွန်တော်ချစ်ရပါသော ချစ်သူကို ခင် ဟု နမ်စားသုံးထားခြင်းဖြစ်ပါသည်။ နာမည်နှင့်တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေခင်ဗျာ။